မိုင်းတုံ ဇွန် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင်းရှိ ကျောင်းများမှာ ယနေ့နံနက် ၉ နာရီအချိန်တွင် ပုံမှန်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်တက်ရောက် သင်ကြားလျက်ရှိသည်။
အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင် ကျောင်းစတင်ဖွင့်လှစ်ရက်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူအားလုံး တန်းစီကွင်းတွင် တန်းစီ၍နိုင်ငံတော်အလံကို အလေးပြုခြင်း၊ မြန်မာ့ကျောင်းသီချင်း သီဆိုပြီးနောက် မြို့နယ်ပညာရေးမှူးဦးကျော်ဇံဝေက ကျောင်းသား, ကျောင်းသူများအားလုံး ကျောင်းအပ်နှံထားသည့်အတိုင်း လာရောက်တက်ကြလို့ ဆရာကြီးအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ သားတို့သမီးတို့အားလုံး “ကျောင်းမှန်မှန်တက်စာမခက်” ဆိုသလိုကျောင်းကို စိတ်ပါဝင်စားစွာ တက်ကြပါ၊ စာကိုအစွမ်းကုန်ကြိုးစား သင်သူကြပါ၊ ကျောင်းမပျင်းကြပါနဲ့၊ ကျန်းမာရေးကောင်းမှ စာသင်ကြားနိုင်မှာဖြစ်တဲ့အတွက် ကျောင်းသားနဲ့တူအောင်တစ်ကိုယ်ရေ သန့်ရှင်ရေးလုပ်ရပါမယ်၊ ဆံပင်ကိုတိုတိုညှပ်ရပါမယ်ဒါမှစာသင်တဲ့အခါ စိတ်ကြည်လင်စွာဖြင့် အေးချမ်းစွာသင်ယူနိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့်ဩဝါဒဆုံးမ စကားပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းကို တက်နေတာမြင်ရလို့ဆရာမကြီးက ကြိုဆိုဂုဏ်ယူပါကြောင်း၊ ကျောင်းမအပ်ရသေးသော ကျောင်းသား၊ ကျောင်းသူများကလည်း ကျောင်းတက်ရင်း အပ်နှံနိုင်ကြောင်း၊ ကျောင်းအစကနေ ကျောင်းတွေပြီးဆုံးသည့်အထိ အခုလိုလေးပဲအားတက် သရောသင်ယူကြရန်စသဖြင့် အကျယ်တစ်ဝန်း ဩဝါဒစကားပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ တန်းဖြုတ်ပြီးမိမိတို့အခန်းကို အေးချမ်းစွာဝင်ရောက်၍ စာသင်ကြားခဲ့ကြသည်။
အဆိုပါ မိုင်းတုံ အ.ထ.က စာသင်ကျောင်းတွင် Grade-1 မှ Grade-11 အထိ သင်ကြားပေးနေမှုကို မိုင်းတုံအခြေချစစ်ဗျုဟာမှူးကြီး ဗိုလ်မှူးကြီးဇော်မင်းဦး၊မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့ဝင်များမှ ကြည့်ရှု့အားပေးခဲ့သည်။ မိုင်းတုံ အ.ထ.က စာသင်ကျောင်းစာရင်းရှိ ကျောင်းသား(၄၂၈)ဦး၊ ကျောင်းသူ(၅၀၄) စုစုပေါင်း(၉၃၂)ဦးရှိရာ တက်ရောက် ကျောင်း သား(၄၂၈)၊ ကျောင်းသူ(၅၀၄) စုစုပေါင်း(၉၃၂)ဦးအားဆရာ/ဆရာမ (၂၃)ဦးဖြင့်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ထံမှ သိရပြီး၊ မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် Grade-1 မှ Grade-11 အထိစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၁၂၄) ဦးရှိကာ တက်ရောက်တက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၄၁၂၄)ဦးအား ဆရာ/ဆရာမ (၁၄၀)ဦးဖြင့် သင်ကြားပို့ချပေးလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေထံမှ သိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)