သီပေါ အောက်တိုဘာ ၈
ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ Donated by Friend from Singapore အဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်ပညာရေး ကျောင်းများသို့ အဝတ်နှာခေါင်းစည်း (Cloth Mask) များကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အဝတ်နှာခေါင်းစည်း(Cloth Mask)များ လှူဒါန်းရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်မှု များပြားလာသောကြောင့် သီပေါမြို့နယ်အတွင်းရှိ ဆရာတော်၊ ရဟန်းသာမဏေများ ရောဂါကြိုတင် ကာကွယ်နိုင်စေရန် လှူဒါန်းပေးခြင်းဖြစ်ပြီး သီပေါမြို့ ရွှေဒါးပရိယတ္တိစာသင်တိုက် အတွက် အဝတ်နှာခေါင်းစည်း (Cloth Mask)(၁၅၀)ခု၊ ရေဟော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် အတွက် (၂၀၀)ခုနှင့် ဓမ္မသုခ သီလရှင် ပညာရေးကျောင်း အတွက်(၄၀၀)ခု စုစုပေါင်း(၇၅၀)ခုကို လှူဒါန်းပေး ခဲ့ကြသည်။
အဆိုပါ Donated by Friend from Singapore အဖွဲ့မှ အလှူငွေပေးပို့လှူဒါန်း၍ ချုပ်လုပ်ရန်အတွက် အပ်ချုပ်စက် လှူဒါန်းပေးပြီး သီပေါမြို့ ကောင်းမှုရှင်ပရဟိတအသင်းမှ ကုသိုလ်ယူ ချုပ်လုပ်ကာ အလှူရှင်များ ကိုယ်စား ကောင်းမှုရှင်ပရဟိတအသင်းဝင်များမှတစ်ဆင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍ ချုပ်လုပ်လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)