ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေမြို့ သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

စစ်တွေ ဇွန် ၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၊ ဝင်္ကဘာကွင်းနှင့် စစ်ကဲလမ်း၊ ဆတ်ရိုးကျတံတားအနီးရှိ အမှိုက် များအား စုပေါင်းရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကဲလမ်း၊ ဆတ်ရိုးကျတံတားအနီးရှိ အမှိုက်များအား ရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စက်ယန္တရားကြီးများ၊ မြေသယ်ယာဉ်များ၊ တပ်မတော်မှ ပို့ဆောင်ရေးကားကြီးများဖြင့် ရှင်းလင်း သယ်ယူ ပို့ဆောင်နေမှုကို ကြည့်ရှုကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရပ်ကွက်အတွင်း ဒေသခံများအားတွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ မြို့ရွာများ သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာကြီးတောင်ရပ်ကွက် ဝင်္ကဘာကွင်းနှင့် ရွာကြီးတောင်လမ်းအား ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း