ကျောင်းဖွင့်ကာလရောက်ရှိတော့မည်ဖြစ်သဖြင့် လားရှိုးမြို့တွင် ကျောင်းဝတ်စုံများ ပြတ်လပ်သည်အထိ ရောင်းအားကောင်း

လားရှိုး မေ ၃၁

မကြာမီအချိန်ကာလအတွင်း ကျောင်းဖွင့်ကာလရောက်တော့မည်ဖြစ်သဖြင့် လားရှိုးမြို့တွင် ကျောင်း ဝတ်စုံများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့တွင် ရောင်းချကြသည့် ကျောင်းဝတ်စုံအရောင်းဆိုင်များတွင် ကျောင်းဝတ်စုံများ ဆိုဒ်စုံမရနိုင်တော့ပဲ အချို့သော ကျောင်းသုံးပစ္စည်းများမှာ ပြတ်လပ်သည်အထိ ရောင်းအားကောင်းလျက် ရှိနေကြောင်း သိရသည်။

“တချို့ကျောင်းစိမ်းဝတ်စုံတွေက ဆိုဒ်စုံမရှိတော့ဘူး။ ကျွန်မတို့ ဆိုင်မှာ အရင်တစ်လလောက် ကတော့ ဆိုဒ်စုံရှိတယ်။ အခုတော့ ဆိုဒ်စုံမရနိုင်တော့ဘူး။ ကျွန်မတို့ဆိုင်က  ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ တောင်ကြီး၊ လောက်ကိုင်၊ မူဆယ်မြို့တွေအထိ ချုပ်ပြီးပို့ရတယ်။ ကျွန်မတို့ဆိုင်က ကျောင်းဝတ်စုံ သီးသန့်ချုပ်တာ။ ဝန်ထမ်းတွေကိုပဲ တော်တော်များပါတယ်။  အခုလက ကျောင်းဖွင့် ရာသီရောက်တော့မှာဆိုတော့ ကျောင်းဝတ်စုံကတော့ ရောင်းအားအကောင်းဆုံးပါပဲ။” ဟု လားရှိုးမြို့ ရှိ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကိုသာ လက်လီ၊ လက်ကားရောင်းချသည့် ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လားရှိုးမြို့နယ်တွင် ယခင်နှစ် ၂၀၂၃ -၂၀၂၄  ပညာသင်နှစ်ကာလအတွင်း  အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့်ကျောင်းများအနေဖြင့် အထက်တန်းကျောင်း ၁၄ ကျောင်း ၊ အထက်တန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၃၇ ကျောင်း ၊ကိုယ်ပိုင်ကျောင်း ၂၇ ကျောင်း ရှိကြောင်း  လားရှိုးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းထွန်း ( လားရှိုး )