နေပြည်တော် ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။
ဒက္ခိဏသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(၂)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၅)ကျောင်း၊ မူလတန်းလွန် (၃)ကျောင်း၊ မူလတန်းကျောင်း(၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင် ကျောင်း (၄)ကျောင်း စုစုပေါင်း(၂၇) ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၇၅၇၂)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အစီအမံများစီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိ သူများ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)