လှည်းကူးမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လှည်းကူး ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် ယနေနံနက်ပိုင်းမှစတင်၍ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများ ပညာသင်ကြားရာတွင် ယဥ်ကျေးလိမ္မာသော ကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံအောင် သင်ကြားပေးနေကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၁၈၇) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၂၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်း၊ စုစုပေါင်း (၂၁၄) ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၄၉၄၃၂)ဦး တက်ရောက်သင်ကြားကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ထို့နောက် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်သူများ စာသင်ကြားနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သိန်းရွှေနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)