လားရှိုး ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းစတင်ဖွင့်လှစ်သည့်နေ့ဖြစ်သည့် ဇွန်လ ၁ ရက်နေ့ (ယနေ့)တွင် လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာဖြင့် ကျောင်းတက်နေကြပြီဖြစ်ကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်နိုင်ရေးအတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းအပ်နှံသူများ အတွက် နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ ၊ ဗလာစာအုပ်များ ၊ ဘောလ်ပင်နှင့် ခဲတံများ ၊ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်ခဲ့သည်။
လားရှိုးမြို့နယ်တွင် ယခင်နှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်ကာလအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့်ကျောင်းများအနေဖြင့် အထက်တန်းကျောင်း ၁၄ ကျောင်း ၊ အထက်တန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၃၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၇ ကျောင်းရှိကြောင်း လားရှိုးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းထွန်း ( လားရှိုး )