သီပေါ ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ လျော့ပါးပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် သစ်ပင်ပျိုးပင်များကို စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ မြို့မပျိုးဥယျာဉ်၊ ဇာတ်စုရပ်ကွက်ပျိုးဥယျာဉ်နှင့် ခိုလုံကျေးရွာ ပျိုးဥယျာဉ်တို့တွင် ဒေသရာသီဥတုနှင့် ကိုက်ညီသောအပင်များဖြစ်သည့် ကျွန်း၊ မယ်ဇလီ၊ ရေသင်းဝင်၊ ယမနေ၊ ခရေ၊ ကုက္ကို၊ သစ်လှ၊ စိန်ပန်းနီ စသည့်အပင်ပေါင်း(၃၅၅၀၀)ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များအား မြို့နယ်သစ်တောဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းမှ စတင်၍ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းနှင့် သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ရေးအတွက် ပျိုးထောင်ထားသော အပင်များကို အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)