ဗဟန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဗဟန်း ဇွန် 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်း၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသား/သူမိဘများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ မေလ (၃၁) ရက်နေ့အထိ သက်မှတ်ကာကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

ဗဟန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၆) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၃) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း စုစုပေါင်း (၂၂) ကျောင်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး