တံတားဦး၊ အောက်တိုဘာ ၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာ အုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ တစ်ဦးလျှင်ငွေကျပ်တစ်သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တိုးချဲ့ဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က နိုင်ငံတော်အစိုးရမှ ဝန်ထမ်းများအပေါ် အလေးထားဆောင်ရွက်ပေးသကဲ့သို့ ဝန်ထမ်းများမှလည်း ပေးအပ်သော လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း စာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရခြင်း၊ အခြေခံ လူတန်းစားများအား ထောက်ပံ့ပစ္စည်းများနှင့် ငွေများပေးအပ်ရန် စာရင်းဇယားပြုစုရခြင်းနှင့် ရပ်ကွက် ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ရခြင်း၊ ၂၀၂၀-ပြည့်နှစ် အထွေထွေ ရွေးကောက် ပွဲအတွက် လူဦးရေစာရင်း ကောက်ယူခြင်း၊ မဲစာရင်းများပြုစုရခြင်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသောကြောင့် ယခုလို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက် ကျေးရွာအုပ်စ (၆၁) အုပ်စုရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်း (၆၄) ဦးကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)