လားရှိုး ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော လိုက်ချီးစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းတွင် လိုက်ချီးစ်သီးများကို နောင်မွန်၊ အီနိုင်း၊ နမ့်ပေါင်၊ စဉ့်အင်ကျေးရွာများဘက်တွင် အများအပြားစိုက်ပျိုးကြပြီး နယ်မြေဒေသစုံသို့ တင်ပို့ရောင်းချ နေရကြောင်း သိရသည်။
“ဒီတစ်နှစ် လိုက်ချီးစ်သီးဈေးက အရင်နှစ်တွေနဲ့ ယှဉ်ရင်တော့ ဈေးပိုတာပေါ့။ တစ်ပိဿာကို တစ်သောင်းဝန်းကျင်ဈေးရှိတယ်။ အရင်နှစ်တွေကဆို ငါးထောင်ဝန်းကျင်ပဲဈေးရှိတာ။ ဈေးကတော့ အမျိုးအစားအလိုက် ကွဲပြားမှုတော့ရှိတာပေါ့” ဟု နောင်မွန်ကျေးရွာရှိ လိုက်ချီးစ် စိုက်ပျိုးရောင်းချသူ တစ်ဦး ကပြောသည်။
ယခုနှစ်အတွင်း လားရှိုးမြို့တွင် လိုက်ချီးစ်သီးဈေးနှုန်းမှာ ပြင်ပပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် ခုနှစ်ထောင်ကျပ်မှ တစ်သောင်းနှစ်ထောင်ကျပ်ထိဈေးရှိနေပြီး ဈေးရှိနေပြီး လားရှိုးဒေသထွက် လိုက်ချီးစ်သီး များကို ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ တောင်ကြီး ၊လောက်ကိုင်၊ မူဆယ်မြို့များသို့ အဓိက တင်ပို့ရောင်းချကြကြောင်း သိရသည်။လားရှိုးမြို့နယ်အတွင်းရှိ လိုက်ချီးစ်ခြံများသို့ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးများမှ ဒေသခံအများအပြား လာရောက်ကာ နေ့စားဝန်ထမ်းများ အဖြစ်လာရောက် လုပ်ကိုင်ကြသူ များပြားနေပြီး တစ်ရက်လျှင် လုပ်အားခတစ်သောင်းငါးထောင်ကျပ်ထိရရှိကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)