တာချီလိတ်မြို့၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အနေဖြင့် ကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေး

တာချီလိတ် ဇွန် ၁

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၊ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ စတင် ပညာသင်ကြားနေကြပြီ ဖြစ်သည်။

၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာ KG မှ Grade-11 အထိ အတန်းများ၏ ကျောင်းအပ်ရက်ကို မေလ (၂၃) ရက်မှ စတင်လက်ခံနေပြီး၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ(၂၃) ရက်မှ ဇွန်လဆန်း ကျောင်းမဖွင့်မီကာလအထိ သတ်မှတ်ဆောင်ရွက်ခဲ့သည်။ တာချီလိတ်မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၂)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၄)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၁၁)ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၉)ကျောင်းရှိကြောင်း၊  ယခင်နှစ်က ကျောင်းသားဦးရေ (၂၀၉၈၀) ဦးရှိခဲ့ပြီး ယခုနှစ်ကျောင်းသားဦးရေစုစုပေါင်း (၂၄၆၀၀)ကျော် ကျောင်းအပ်နှံ တက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

အေးအေးလတ်