ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်ဆုံးရှုံးမှုတန်ဖိုးအား နောက်ဆုံးစာရင်းညှိနှိုင်းခြင်း အစည်းအဝေးသို့တက်ရောက်

ကျောက်ဖြူ  မေ  ၃၁

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအဖွဲ့များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာများနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား စာရင်းညှိနှိုင်းခြင်း အပြီးသတ်တွက်ချက်မှုအား ပြန်လည်စိစစ် ဆွေးနွေးကြသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးက တက်ရောက်လာကြသည့်  သက်ဆိုင်ရာဌာန အကြီးအကဲများနှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်အဖွဲ့မှ တင်ပြလာသော ပျက်စီးမှုမှတ်တမ်းဓာတ်ပုံများနှင့် ခန့်မှန်း တန်ဖိုးငွေများကို တိုက်ဆိုင်စိစစ်ပြီး၊ စာရင်းဇယားများမှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ပျက်စီးဆုံးရှုံးမှုများအား  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီ ယာများမှ ဒေသန္တရတန်ဖိုးတွက်ချက်ပေးမှုအပေါ် ဗဟိုစာရင်းအင်းအဖွဲ့မှ နောက်ဆုံးစာရင်းကိုက်ညှိ တိုက်ဆိုင်စစ်ဆေးပြီး ဖြစ်သဖြင့် ကျောက်ဖြူမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးစာရင်းနှင့် လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အချိန်မီတင်ပြသွားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

တင်ထွန်းဦး(ပြန်/ဆက်)