တုံတာမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

 

တုံတာ  အောက်တိုဘာ   ၈         

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် မိုးစပါး RS-CS မျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧက ဆောင်ရွက်လျက်ရှိရာ တုံတာမြို့၊ ရပ်ကွက် (၄)ရှိ တောင်သူ ဒေါ်နန်းကောင်ရှဲန်၏ ရွှေရင်အေး မျိုးစေ့ ထုတ် စိုက်ခင်း၌ အောက်တိုဘာလ ၇ရက်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်း ဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးငြိမ်းထွန်း၊ ခရိုင် မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် တုံတာမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဝင်းမြင့်သန်းတို့က  တောင်သူများအား အသိပညာ ပေးခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းသည် စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့်ရရှိရေးအ တွက် မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းအားလုံး စပါးပင် သက်တမ်းအလိုက် ၃ကြိမ် ဆောင်ရွက်ရမည်ဖြစ်ကာ ယခုမျိုးကွဲနုတ်ပယ်ခြင်းမှာ ပန်းပွင့်စုံချိန် ဒုတိယ အကြိမ် မျိုးကွဲ နုတ်ပယ်ခြင်း ဖြစ်ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှ သိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)