မိတ္ထီလာ ဇွန် ၁
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင်၂ဝ၂၃ ခုနှစ်ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ၁၉၇၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဘီစီဂျီ၊ဆုံ့ဆို၊ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ကာကွယ်ဆေး (၄) မျိုးဖြင့် စတင်ခဲ့ကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးစီမံချက်၏ ရည်ရွယ်ချက်မှာ ကလေး ငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုမှ ကာကွယ်ရန်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း၏ အကျိုးကျေးဇူးမှာ ရောဂါဖြင့်သေဆုံးမှု သိသိသာသာလျော့နည်းလာစေကြောင်း၊ ယနေ့ဆောင်ရွက်လျက်ရှိသော တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၁)နှစ်အောက်ကလေးများအားကာကွယ်ဆေး (၁၃)မျိုး ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းသည် ပြည်သူ့ ကျန်းမာရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၂)လမှ(၃)နှစ် အရွယ်ကလေးများကို ရှာဖွေဖိတ်ခေါ်၍ အသက် အရွယ်အလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် နှီးနွယ်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန် စသည်ဖြင့် ထည့်သွင်းပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ၂ဝ၂၃ ခုနှစ်ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး ဆိုင်ရာများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန္တာလင်းက အသိပညာပေးဆွေးနွေးပြောကြာ းသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌဒေါက်တာစောမြင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်တာဝန် ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ