တံတားဦး ဇွန် ၁
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအမနားကို ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ မြို့နယ်လုံးကျွတ် ကျောင်းနံစို့ “ သီချင်းဖြင့် သီဆိုဖျော်ဖြေဧည့်ခံပေးပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကား ပြောကြားရာတွင် မိဘများအနေဖြင့် သတ်မှတ်ထားသည့်ရက်အတွင်း မိမိတို့၏ သား ၊ သမီးများ ပညာရေးအတွက် နောင်ရေးကောင်းစေရန် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံဖို့လိုအပ်ပါကြောင်း ၊ ဒါ့အပြင် မူလတန်းအဆင့်တွင် ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် “ ကျောင်းနေအရွယ်ကလေးအားလုံး ပညာမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ “ ဆောင်ပုဒ်အတိုင်း မိဘများသည် ဆရာ ၊ ဆရာမများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ၊ ၂၀၂၃-ခုနှစ် ၊ ဇွန်လ(၁)ရက်နေ့မှစ၍ သာယာသော ခေါင်းလောင်း ထိုးသံနှင့်အတူ ကလေးသူငယ်များ၏ အပြုံးကိုယ်စီဖြင့် ကျောင်းတက်ကြမယ့် မြင်ကွင်းကို ပုံဖော်ကြည့်ပြီး ဝမ်းသာကြည်နူးမိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥက အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည် ။
ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့ပေးသောကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများကို ဆက်လက်ထောက်ပံ့ပေးအပ်ပြီး တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “ ဘက်စုံပညာရည် တို့လှမ်းချီ “သီချင်းဖြင့် ဖျော်ဖြေပေးသည်။
တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အတန်းလိုက် သင်ယူပြီးမြောက်သူ (၂၁၀၅၃) ဦးရှိပြီး ယခု (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင်(၂၂၅၀၀)ဦး ကျောင်းအပ်နှံပြီး ယခင်နှစ် ပညာသင်ယူ ပြီးမြောက်သူ ဦးရေထက် ကျော်လွန်အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)