ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်

ကျောက်ဖြူ   ဇွန်  ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ခရိုင်ရုံးမှ ဝန်ထမ်းမိသားစုဝင်သား/သမီးများဖြစ်သော အဆင့် မြင့်ပညာ (တက္ကသိုလ်အဆင့်)တွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၄)ဦး၊ အထက်တန်းအဆင့်တွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၅)ဦး၊ အလယ်တန်းအဆင့်တွင်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၁)ဦးနှင့် မူလတန်းအဆင့်တွင်တက်ရောက်ကြမည့် ကျောင်းသား/ ကျောင်းသူ(၆) ဦးတို့အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက် စသော ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအား စားရေရိက္ခာများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများမှ လက်ခံရယူခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဒေါ်ယမင်းထွန်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ခရိုင်ရုံးဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)