ရန်ကုန် ဇွန် ၁
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ဇွန် (၃) ရက်မှ (၉) ရက်ထိကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယမန်နေ့ နေ့လယ် (၁၂) နာရီ (၄၀) မိနစ်အချိန်က ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှား) လေယာဉ်အမှတ် UB-7011 ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနအားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချူပ် လှမိုးနှင့် အတူဖိတ်ကြားခံပုဂ္ဂိုလ်(၄)ဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ငွေ၊ ကြေး စီမံခန့်ခွဲရေးဌာန ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် ဦးဆောင်သော နည်းပြ/ အုပ်ချုပ်သူများ၊ ဒိုင်လူကြီးများနှင့် မသန်းစွမ်းအားကစားသမားများ စုစုပေါင်း (၁၂၆) ဦး လိုက်ပါသွားကြောင်း သိရသည်။
အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ Goalball (မျက်မမြင်)၊ အလေးမ၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော စသည့်အားကစားနည်း (၈) နည်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)