သာကေတ ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေးရက်သတ္တပတ်”သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးညွှန့်ဝေမှ ပညာရေးကဏ္ဍဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများမှ လှူဒါန်းထောက်ပံ့သည့် ကျောင်းသုံး ပစ္စည်းများ၊ အလှူရှင်မှလှူဒါန်းထောက်ပံ့သည့် အလှူငွေများအား တာဝန်ရှိသူများမှ အသီးသီးထောက်ပံ့ လှူဒါန်းခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကာ “ဇာတိမာန်”တေးသီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများမှ သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)