ကျောက်ဆည် မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှမ်းစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်စေရေး အတွက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစမ်းသပ်ကွက်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီက မှတ်တမ်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေနှမ်းစပ်သပ်ကွက်များကို ရဲကြီးကျေးရွာ တောင်သူဦးမြင့်အေး၏ ကွင်းအမှတ်(၂၃၉)၊ ဦးပိုင် အမှတ်(၉-က/ခွဲ-၃) (၀.၈၅)ဧကနှင့် ကုလကျေးရွာ တောင်သူဦးစိန်အောင်၏ ကွင်းအမှတ်(၂၇၂)၊ ဦးပိုင် အမှတ်(၅)၊ (၅.၆၀)ဧကတွင် စိုက်ပျိုးထားခြင်းဖြစ်ပြီး စမ်းသပ်နှမ်းမျိုးများမှာ သိပ္ပံနှမ်းနက်၊ ဆင်းရတာနာ(၃)၊ ဆင်းရတနာ(၁၄)၊ မကွေး နှမ်းနက်(၁/၁၃)၊ မကွေးနှမ်းနက်(၂/၁၄)၊ MSS-13008၊ MSS-13009၊ MSS-13011 နှမ်းမျိုးများဖြစ်ကြောင်း သိရသည်။
နွေနှမ်းစမ်းသပ်စိုက်ခင်းများအား မတ်(၄)ရက်နေ့တွင် စတင်မြေပြင်ပျိုးထောင်စိုက်ပျိုးသားခွဲခြင်းများ ပြုလုပ်ခဲ့ပြီး ဧပြီလတွင် ဆေးဖျန်းခြင်း၊ ကြားထွန်လိုက်ခြင်း၊ ရေသွင်းခြင်း၊ မြေဩဇာကျွေးခြင်းများ ပြုလုပ်ခဲ့ပြီး မှတ်တမ်းကောက်ယူခြင်းများကို (၁၅)ရက်တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းများ ကောက်ယူရာတွင် အပင်အမြင့်၊ ကိုင်းဖျာထွက်မှုနှင့် အရွက်အရောင်နှင့် အသီးသီးမှု အခြေအနေများ ကောက်ယူခြင်းဖြစ်ကြောင်းနှင့် နွေနှမ်းစမ်းသပ်ကွက်များ စိုက်ပျိုးခြင်းဖြင့် နှမ်းစိုက်တောင်သူများ အပင်ဖြစ်ထွန်းမှုနှင့် အသီး အထွက်နှုန်းများကို ကိုယ်တိုင်လေ့လာပြီး ဒေသနှင့် ကိုက်ညီသည့် နှမ်းမျိုးများ၊ စိုက်နည်းစနစ်များ ရွေးချယ်စိုက်ပျိုးနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)