မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး၏ရုပ်ကလာပ်တော်အား လာရောက်ဖူးမြှော်သူများဖြင့် စည်ကား

မန္တလေး မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင်လူ လာရောက်ဖူးမြှော်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ဆရာတော်ကြီးဘုရားကြီးသည် သာသနာတော်အကျိုးကိုသယ်ပိုး ဆောင်ရွက်တော်မူရင်းသက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါအရ ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း(၇)ရက်(၂၅-၅-၂၀၂၃) ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥရုဇရုပ်ကလာပ်တော်အား မေလ(၂၆)ရက်နေ့မှ ဇွ‌န်လ(၆)ရ‌က်‌‌နေ့‌ နေ့လယ်ပိုင်းအထိ ဗန်းမော်ကျောင်းတိုက် ယာယီစံ‌ကျောင်းတော်၌ လာရောက်ဖူးမြှော်နိုင်ပြီး ဇွန်းလ(၆)ရက် နေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ် ဟောင်းသို့ ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)