မိုးညှင်း မေ ၃၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်တွင် ငါးမျိုးစိတ်များ လစဉ်စာရင်းကောက်ယူလျက်ရှိရာ ယခုလအတွင်းတွေ့ရှိရသည့် ဒေသရင်းငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း (၃၃) မျိုး စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် မေလအတွင်း အများဆုံးတွေ့ရှိရသော ငါးမျိုးစိတ်များမှာ ငါးလဘိ၊ ငါးဇင်ဇပ်၊ ငါးလမြွေ၊ ငါးကြောင်း၊ ငါးခုံးမ၊ ငါးဖယ်၊ ငါးလမြွေ၊ ငါးဖောင်ရိုး၊ ငါးလမြွေထိုး၊ ငါးမြစ်ချင်း၊ ငါးကျည်း၊ ငါးဗျက်၊ ငါးနုသန်း၊ ငါးလူး၊ ငါးပြေမနှင့် ငါးရံ့ဒိုင်း စသည့် ငါးမျိုးစိတ်များအပါဝင် အခြားငါးမျိုးစိတ်ပေါင်း (၃၃) မျိုးကို တာဝန်ရှိသူများက စာရင်းကောက်ယူ နိုင်ခဲ့ကြောင်း၊ ရှားပါးငါးမျိုးစိတ်များဖြစ်သည့် မိကျောင်းသွားကြားထိုးတံ ငါးမျိုးစိတ်နှင့်ရေနယားငါးမျိုးစိတ်နှစ်မျိုးကိုလည်း သိပ္ပံလောက၌ ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပြီး သိပ္ပံလောကတွင် မှတ်တမ်းတင်ခြင်းမရှိသေးသော ငါးမျိုးစိတ်များလည်းရှိကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီး ဖြစ်၍ ပထမအကြီးဆုံးနှင့် ဒုတိယအကြီးဆုံးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံရှိ တုန်လီဆက်ကန် (Tonle Sap Lake) နှင့် ဖိလစ်ပိုင်နိုင်ငံရှိ လာဂူနာဒီဗေးကန် (Lagunade Bay) တို့ဖြစ်ကြပြီး အင်းတော်ကြီးအိုင်အတွင်းတွေ့ရှိရသည့် ငါး၊ ပုစွန်၊ ဂဏန်း၊ ယောက်သွား၊ ဖား၊ မြွေနှင့် ငှက်မျိုးစုံများ အပါအဝင် ရေနေသတ္တဝါမျိုးစုံတို့ နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သတ္တဝါများထဲမှငါးများသည် လူတို့၏အလုပ်အကိုင် အခွင့်အလမ်းများနှင့် အာဟာရအတွက်သာမက အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ဒေသဝန်းကျင်အတွင်း နေထိုင်ကျက်စားလျက်ရှိသော ဆောင်းခိုငှက်မျိုးစိတ်များအပါအဝင် ဒေသငှက်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက်အရေးပါသော အစားအစာသာဖြစ်ပြီး ၎င်းအိုင်းနှင့်ဝန်းကျင်ရှိ ချောင်းများတွင်ဒေသရင်း ငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း (၉၄) မျိုးကျော် နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။
ထို့နောက် အင်းတော်ြကီးအိုင်နှင့် ဆက်စပ်ချောင်းဧရိယာများတွင် ဘေးမဲ့တောတည်ထောင်ချိန်မှစတင်ပြီး ယနေ့အချိန်ထိစနစ်တကျ မှတ်တမ်းတင်ထားပြီးဖြစ်သော ငါးမျိုးစိတ်မှာစုစုပေါင် (၉၄) မျိုး ရှိပြီဖြစ်၍ ဇီဝရူပထူးခြားသည့် အင်းတော်ကြီးအိုင်နှင့် ရေဝေးရေလဲဒေသများအတွင်း ကျက်စားနေသော ကျန်ရှိနေသေးသည့် ငါးမျိုးစိတ်များကို ဆက်လက်ဖော်ထုတ်နိုင်ရန်နှင့် လက်ရှိမှတ်တမ်းတင်ပြီးဖြစ်သော ငါးမျိုးစိတ်များမျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေရေးအတွက် တာဝန်ရှိသူများကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း