ပုသိမ်ကြီး မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးကျောင်းရှိ အောင်ဇဗ္မူခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှူး ဦးမျိုးဝေ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ကြီး အ.ထ.ကမှ ကျောင်းသားကျောင်းသူများက "တို့ကျောင်းတော်" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက အမှာစကား ပြောကြားပြီး၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးမျိုးဝေက အမှာစကား ပြောကြားကာ၊ နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ရှိ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး ပုသိမ်ကြီး အ.ထ.ကမှ ကျောင်းသား ကျောင်းသူများက "ဇာတိမာန်" တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြ သည်။
ပုသိမ်ကြီးမြို့နယ်တွင် အထက်တန်းကျောင်း (၆)ကျောင်း၊ အ.ထ.က(ခွဲ) ၇ ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အ.လ.က(ခွဲ)၃ ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉) ကျောင်း၊ မူလတန်းကျောင်း(၇၂) ကျောင်း၊ အ.မ.က(ခွဲ) ၃ ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆)ကျောင်း နှင့် ဘ/ကကျောင်း (၃၄)ကျောင်း စုစုပေါင်း (၁၅၄)ကျောင်း ရှိပြီး၊ ကျောင်းအပ်နှံရေးနေ့ မေလ ၂၃ ရက်နေ့မှ ယနေ့ထိ မြို့နယ်အတွင်း ကျောင်းအပ်နှံမှုမှာ ကျောင်းသားဦးရေ (၃၇၀၂၇)ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)