မြင်းခြံ မေ ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက် (၁၀) နာရီ အချိန်က RDT Test Kit ဖြင့် စစ်ဆေးခဲ့သည်။
"နေ့သင်တန်း လာရောက်တက်ရောက်ကြသည့် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါပိုး ကင်းစင်ရန်အတွက် ကျောင်းသား/ကျောင်းသူများအား RDT Test Kit ဖြင့် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ရောဂါပိုး မတွေ့ရှိသည့် ကျောင်းသား/သူများအနေဖြင့် ဇွန်လ (၁) ရက်နေ့မှ စတင်၍ ပညာသင်ကြားရမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိသည့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၊ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကာ ဆေးကုသမှုခံယူပြီးမှ ပညာသင်ကြားရမှာဖြစ်ပါတယ်"ဟု မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးဟန်က ပြောသည်။ အဆိုပါနေ့သင်တန်းတက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လာရောက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင်းခြံတက္ကသိုလ်အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့ တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ စသည့် ဘာသာရပ် (၁၂) ခုအား သင်ကြားပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား (၃၅၃) ဦး၊ ကျောင်းသူ (၁၂၈၄) ဦး စုစုပေါင်း (၁၆၃၇) ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)