ရသေ့တောင် မေ ၃၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီးများခဲ့ရာ ပြိုပျက်မှုများတွင် စာသင်ကျောင်းများလည်းပါဝင်သည်။ ဇွန်လ(၁)ရက်နေ့တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးဆုံးရှုံးခဲ့သောမြို့ပေါ်ကျောင်းများအား ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက ယမန်နေ့မွန်းလွဲပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုခါမုန်တိုင်းလေဘေးဒဏ်ကြောင့် အမိုးလန်ပျက်စီးသွားသော အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.မ.က(၄)၊ အ.မ.က (၆) စာသင်ကျောင်းတို့၌ ဌာနဆိုင်ရာဝန်ထမ်းများမှအဖွဲ့များခွဲ၍ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးခြင်း၊ ခုံစီခြင်းများဆောင်ရွက်ခဲ့ကြသည်။
ရသေ့တောင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၄)ကျောင်းရှိရာ မိုခါမုန်တိုင်းဒဏ်ကြောင့်(၁၃၂)ကျောင်းပျက်စီးခဲ့ကြောင်း စာရင်းကောက်ယူမှုများအရသိရှိရပြီး ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရန် ပညာရေးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ရသေ့တောင် (ပြန်/ဆက်)