ရေး မေ ၃၁
မွန်ပြည်နယ်၊ ရေးခရိုင် ရေးမြို့နယ်တွင် အလင်းဝင် PDF လူငယ်(၂) ဦးအား မိဘများထံသို့ ပြန်လည်အပ်နှံခြင်း အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြလုပ်ရာ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် တပ်ရင်းတပ်နယ်များမှ အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလင်းဝင်လူငယ်(၂)ဦး၏ မိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယစစ်ဆင်ရေးကွပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းက အလင်းဝင် PDF လူငယ်(၂)ဦးအား ကြိုဆိုကြောင်းပြောကြားခဲ့သည်။ ထို့နောက် ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF လူငယ်(၂)ဦးထံမှ လက်နက်ခဲ့ယမ်း များကိ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးက လက်ခံခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစန်းမင်းက ဆုကြေးငွေများ ပေးအပ်ခဲ့ပြီးနောက် အလင်းဝင်လူငယ်များအား ၎င်းတို့၏ မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
မင်ဆန်း (ပြန်/ ဆက်)