မူဆယ် မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့နယ်တွင် ယနေ့နံနက် (၉း၀၀)အချိန်က အမှတ်(၂)အခြေခံပညာအထက်ကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မူဆယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ကျောင်းနေအရွယ်ကလေးသူငယ်အားလုံး ကျောင်းတက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသား/သူများ စာတတ်မြောက်ရေးအတွက် ဆရာ/ဆရာမများက စေတနာ၊ အနစ်နာ၊ဝါသနာ နာ(၃)နာဖြင့် မိမိ၏ရင်ဝယ်သားကဲ့သို့ ပြုစုပျိုးထောင်ပေးကြရန် အဖွင့်အမှာစကားအနေဖြင့် တိုက်တွန်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး မူဆယ်ခရိုင်၊ခရိုင်ပညာရေးမှူး ဒေါ်နွဲ့နွဲ့သန်းက ကျောင်းသား/သူများ ပညာတက်မြောက်ရေး၊ ဆေးလိပ်/အရက်/ကွမ်းယာ/မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်များအား အသက်အရွယ်နှင့်တပြေးညီ ပညာသင်ကြားနိုင်ရေးနှင့် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ အချိန်မှီပညာသင်ကြားနိုင်ရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး မူဆယ်မြို့နယ်၊ ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်လွမ်က ကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများမှ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးထံသို့ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့်ဘောပင်/ခဲတံများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းနားသို့ မူဆယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့်တကွ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိကြသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ၂၀၂၃-၂၄ပညာသင်နှစ်၊ အခြေခံပညာရေးကျောင်းများအား ပညာရေးဝန်ကြီးဌာနမှ KG အတန်းမှ Grade-5 အထိ ကျောင်းသား/သူများအတွက် ကျောင်း ဝတ်စုံ(၁)စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံ(၁)ဒါဇင် နှင့် Grade-6 မှ Grade-12 အထိ ကျောင်းသား/သူများအား ကျောင်းသုံပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်(၁) ဒါဇင်၊ ဘောပင်(၂)ချောင်းနှင့် ခဲတံ(၂)ချောင်း အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)