နောင်ချိုမြို့နယ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

နောင်ချို မေ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီအချိန်က  လုံစံကျေးရွာအုပ်စု ကသည်းမြောင်ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်ချိုအေးက မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ဖြစ်ပွားနိုင်သော အန္တရာယ်များမှကင်းရှင်းစေရန် လိုက်နာရမည့်နည်းလမ်းများ၊ မြေပြင်ပေါ်တွင် တွေ့ရှိသည့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များသည် အချိန်မရွေးပေါက်ကွဲနိုင်သည့်အတွက် ကိုင်တွယ်ခြင်း၊ စုဆောင်းခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ တစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း၊ အနီးသို့သွားရောက်ခြင်းများ မပြုလုပ်ကြရန်နှင့် သင့်တော်သည့်အကွာအဝေးတွင် သတိပေးအမှတ်အသားပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်းသွားရောက်အကြောင်းကြရန် စသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲများကို လုံရုံး၊ သဖန်းကိုင်း၊ ကုန်းစုံ၊ လုံစံ၊ ကျောက်တော၊ မျက်ချင်းနု၊ နောင်းဩ၊ ဂုတ်ထိပ်၊ နားမှုံ၊ ကုန်းစံစသည့်ကျေးရွာများတွင် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသည့်ကျေးရွာများတွင်လည်း ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)