ပင်းတယ မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံများကိုစိုပျိုးရောင်းချကြရာ ယခုမိုး ဦးကာလတွင်စိုက်ပျိုးထားသည့် မြေပဲစိုက်စိုက်တောင်သူများ မြေပဲအထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ပင်းတယမြို့နယ် အနီးအနားကျေးရွာများဖြစ်သည့် သရက်ကုန်း၊ ရေချမ်းစင်၊ ပွေးလှ၊ ရေဖြူ၊ သစ်အယ်ပင်၊ ဇော်ဂျီ၊ အင်းငယ်၊ ကျောက်စု၊ ထိုးပုံ အစရှိသည့်ကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပြီး ချောင်းရေနှင့်နီးသည့် ကျေးရွာများတွင်တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ တောင်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိုးဦးကာလဖြစ်သည့် ဧပြီလ တတိယအပတ်မှစတင်စိုက်ပျိုးကြကြောင်းသိရသည်။
“ကျွန်မကတော့ မြေပဲကို မိသားစုစားသုံးဆီဖူလုံရေးနှင့် မိသားစုဝင်ငွေရရှိရေးအတွက် ဘိုးဘွားအစဉ်အဆက် နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးခဲ့ပါတယ်၊ အခုနှစ်မှာ ကျွန်မတို့မြေပဲကို (၁)ဧကလျှင် (၁၀)ပြည်နှုန်းဖြင့်(၆)ဧကစိုက်ပျိုးထားပါတယ်၊ စိုက်ပျိုးပီးတစ်လခန့်အကြာမှာ အခုလိုပဲမြေပဲအပင်ပေါက် လေးတွေထွက်လာပြီဆိုရင် ကျွန်မတို့က ပေါင်းသင်ရှင်းလင်းပြီးတော့ မြေဩဇာအနည်းငယ် ပက်ကျဲလိုက်တယ်၊ ဒါမျိုးပက်ကျဲပြီးဆို အခြားသီးနှံစိုက်ပျိုးသလိုမျိုး ထွေထွေထူးထူးပြုစုပေးစရာမလိုတော့ပါဘူး၊ စိုက်ပျိုးပြီး(၄)လခန့်အကြာရောက်ရင် စတင်နုတ်ယူလို့ရပါပြီ၊ ကျွန်မတို့အခု မြေပဲ (၆)ဧကစိုက်ပျိုးထားတာဆိုတော့ (၁)ဧကကို အခွန်မချွတ်ရသေးတဲ့ မြေပဲတောင့်(၈၀)အိတ်နှုန်း ထွက်ရှိနိုင်တယ်လို့ခန့်မှန်းထားတာပေါ့၊ ထွက်ရှိလာတဲ့မြေပဲတွေကိုတော့ ကျွန်မတို့မိသားစု စားသုံးဆီဖူလုံရေးအတွက် ထားပြီးတော့ ဈေးကောင်းပေးဝယ်တဲ့ ပွဲစားတွေထံကို ရောင်းချပါတယ်၊ ယခင်နှစ်က ကျွန်မမြေပဲ(၆)ဧကစိုက်ပျိုးထားတာ (၁)ဧကကို (၅၀)အိတ်နှုန်းလောက်သာ ထွက်ရှိပြီးဈေးနှုန်းကတော့ (၁)အိတ်ကို (၁၃၀၀၀)ကျပ်ရရှိပါတယ် အခုနှစ်မှာ စိုက်ပျိုးထားတဲ့မြေပဲတွေ ယခင်နှစ်ထက်အထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်”ဟု ရေဖြူကျေးရွာမှ မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)