မုဒုံမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

မုဒုံ မေ ၃၁

မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေ ၃၀ ရက်နေ့က ကျေးရွာသုံးရွာတွင် ကွင်းဆင်းထုတ်ချေးပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုး နှုန်းနှင့်ကာလသတ်မှတ်ချက်၊ လိုက်နာရမည့်စည်းကမ်းချက်များကို အသင်းသားများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ်အတွင်းရှိ ဒိုးမား၊ ထုံမံ၊ကွမ်ကဗွီးကျေးရွာတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်သူဦးရေ အသင်းသား/ သူ စုစုပေါင်း ၃၄၂ ဦးအား  ချေးငွေ ပမာဏ ၁၄၆၆၀၀၀၀၀ ကျပ်ကို ကျေးရွာများအရောက်​ စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)