တန့်ယန်းမြို့နယ်တွင် ကျေးရွာမိခင်များအဖွဲ့အား အရင်းမပျောက် မတည်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

တန့်ယန်း မေ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာမိခင်များအဖွဲ့အား အရင်းမပျောက် မတည်ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပသည်။

အဆိုပါ အခမ်းနားတွင် မြို့နယ်ကြက်ခြေနီအသင်းနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းဝင်ကျေးရွာများဖြစ်ကြသည့် နားခါး၊ ဟိုမန်း၊ နောင်ခမ်း၊ မန်ဆိုင်း၊ ကုန်းညောင်၊ ခုံကွတ်၊ ဆိုင်းပွန်း၊ နမ့်ဟူးလွယ်ကာ စုစုပေါင်းကျေးရွာ(၈)ရွာရှိ ကျေးရွာမိခင်များအဖွဲ့တို့ကို အရင်းမပျောက်မတည်ရန်ပုံငွေတစ်ရွာလျှင် ငွေကျပ်သိန်း(၃၀)အား မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့်အတူ ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာမိခင်များအဖွဲ့အား “မိခင်နှင့်ကလေးကျန်းမာရေးမြှင့်တင်ရန်”၊ “အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရန်”စသည့် ရည်ရွယ်ချက်များဖြင့် အရင်းမပျောက်မတည်ရန်ပုံငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှတပ်ဖွဲ့မှူး ဦးစိုင်းဆန်းလှထွန်း၏ ပြောပြချက်အရ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)