ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ‌ရောဂါ တားဆီး ကာကွယ်ထိန်းချုပ်‌ရေးနှင့် ပတ်သက်‌သော အမိန့် ညွှန်ကြားချက်မလိုက်နာသူများအား အ‌ရေးယူ

ကျိုင်းတုံ အောက်တိုဘာ     ၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကူးစက် ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သော  ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar, Night Club, KTV များ  ဖွင့်လှစ်ခြင်းမရှိစေရေး အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများအား အသိပေးထုတ်ပြန်ထားကာ ပြည်သူများ လိုက်နာဆောင်ရွက်မှုရှိ၊မရှိ  စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ပေါ်ရှိ နောင်ခမ်းကန်အနီးတွင် ဖွင့်လှစ်ထား သော KTV ဆိုင်မှ အဆိုပါ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တားမြစ်ထုတ်ပြန်ထားသော ညွှန်ကြားချက် အမိန့်အား ဖောက်ဖျက်၍ လူစုလူဝေး ပြုလုပ်ကြသူ ပိုင်ရှင်နှင့် လာရောက်သီဆိုသူ လူငယ် (၁၃) ဦးတို့ကို  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ -၂၅ ဖြင့် တရားစွဲဆိုခဲ့ရာ ယနေ့ ၇-၁၀-၂၀၂၀ ရက်နေ့တွင် ထောင်ဒဏ် (၁) လစီကျခံစေရန် ကျိုင်းတုံမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အနေဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ -၂၅ ဖောက်ဖျက်သူ များအား  ပထမဆုံးအကြိမ် အဖြစ် အရေးယူခဲ့ခြင်းဖြစ်ပြီး ထိုအရေးယူခံရ သော လူငယ်များထဲတွင် အရွယ်မရောက်သော လူငယ်နှစ်ဦးအား မိဘအုပ်ထိန်းသူ ထံ ပြန်လည် အပ်နှံခဲ့ကြောင်း သိရှိရသည်။

 

ငုချိုချိုကျော် (ပြန်/ဆက်)