စဉ့်ကိုင် မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃) နာရီက လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်လူရွယ်များ အသိပညာ ဗဟုသုတ နည်းပါးခြင်း၊ စာပေဖတ်ရှု လေ့လာမှု အားနည်းခြင်း၊ စီးပွားရေးအဆင်မပြေမှုများကြောင့် လူကုန်ကူးမှုများ ဖြစ်ပေါ်နေအတွက် Online မှ တစ်ဆင့် ယခုလို လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဦးသန်း၀င်း (ပညာရေး)က လူကုန်ကူးမှု ဆိုသည်မှာ လူပုဂ္ဂိုလ် တစ်ဦးဦးက အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သိမ်းသွင်းစုစောင်းခြင်း သယ်ယူပို့ဆောင်ခြင်း ၊ လွှဲပြောင်းခြင်း ၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း ၊ ငှားယူခြင်း၊ ခိုလုံ ခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံခြင်းကို ဆိုလိုကြောင်း ၊ မသမာသူများက ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ (သို့မဟုတ်) အခြားနည်းဖြင့် နိုင်ထက်ပြုခြင်း၊ သွေးဆောင် ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘ၀ရပ်တည်ရန် ခက်ခဲသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ အကျိုးအမြတ်ကို ပေးခြင်း၊ လက်ခံရယူခြင်းများစသည့် နည်းလမ်းအမျိုးမျိုးဖြင့် လူကုန်ကူးခံနေရသည့်အတွက် တိုင်းပြည်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ ပိုမိုလျော့နည်းပပျောက်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော် သွားရန်လိုအပ်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ သည်။
၀င်း၀င်းသန်း(ပြန်/ဆက်)