နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြင့်ပြန်လည်တူးဖော်ခြင်းနှင့် ရေလယ်ဘုရားကျောင်းဆောင် မင်္ဂလာပန္နက်တော်တင် အခမ်းအနားတက်ရောက်

နေပြည်တော် မေ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြင့် ပြန်လည်တူးဖော်ခြင်းနှင့် ရေလယ်ဘုရားကျောင်းဆောင် မင်္ဂလာပန္နက်တော်တင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါနေရာရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ ကန်နားကျောင်းတိုက် ဆရာတော် ဦးဣန္ဒက မထေရ်မြတ်အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတန်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ အမှူးပြုသော ဧည်ပရိသတ်များက ကန်နားကျောင်းတိုက် ဆရာတော် ဦးဣန္ဒက မထေရ်မြတ်ထံမှာ ငါးပါးသီလခံယူဆောက်တည်ကြပြီး တက်ရောက်လာသည့်  ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များ ရွတ်ဖတ်တော်မူသည့်  ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များ လှူဖွယ်ဝထ္ထုများ ဆပ်ကပ်လှူဒါန်းပြီး ဆရာတော်ဦးဣန္ဒက မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။

ဆက်လက်၍ ရေလယ်ဘုရားကျောင်းဆောင် မင်္ဂလာပန္နက်တော်တင်အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက်ပန္နက်တော်များအား ၉ ချက်စီရိုက်၍ ပန္နက်တော်တင်မင်္ဂလာပြုလုပ်ပြီး အမွေးနံသာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြင့် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။  

အောင်ကို(ပြန်/ဆက်)