ဖားကန့်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနား ကျင်းပ

ဖားကန့် မေ ၃၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဖားကန့်မြို့ အခြေခံပညာ အထက်တန်းကျောင်း ဥရုရတနာခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.ကဖားကန့်ကျောင်းမှ ဆရာ၊ ဆရာမများက "ဉာဏစစ်သည်" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနွယ်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးအေးမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ပညာရေးမှူးတို့က ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊‌‌ ကျောင်းသူများအားလုံးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းအုပ်ဆရာကြီးများက ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား ပေးအပ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဖားကန့်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၇)ကျောင်း၊ အလယ်တန်းကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၅) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉)ကျောင်းနှင့် မူလတန်းကျောင်း (၁၉)ကျောင်း စုစုပေါင်း (၆၇)ကျောင်း ဖွင့်လှစ်သွားမည်ကြောင်း သိရသည်။

ထို့အတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖားကန့်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၆၀)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၉၈၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်