သီပေါ မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက နိုင်ငံတော် အစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်စေရန် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆောင်ပုဒ်အဖြစ် “ ကျောင်းနေအရွယ်ကလေး အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” သတ်မှတ်ထားပြီး အခမဲ့ပညာရေးစနစ်ကို ဆောင်ရွက် လျက်ရှိသကဲ့သို့ အယူအဆမှန်ကန်ပြီး အကျင့်စာရိတ္တကောင်းမွန်မှုကို ဖြစ်ထွန်းစေမည့် ပညာရေးစနစ်အသစ်၊ သင်ရိုးညွှန်းတမ်းအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များပညာရေးကို အပြည့်အဝသင်ကြားနိုင်စေရေးအတွက် မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရန် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးထိန်လင်းက ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေဖို့၊ ယခုနှစ်မှစ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အလယ်တန်းတွင် KG+9 ပြီးမြောက်အောင်မြင်သူ လူငယ်လူရွယ်များကို စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အသက်မွေးဝမ်းကျောင်းပညာများရရှိရေး အတွက် ခရိုင်(၅၀)တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (၅၁)ကျောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများနဲ့ သက်ဆိုင်ရာကျောင်းများတွင် စုံစမ်းလျှောက်ထားနိုင်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ကျောင်းသုံးစာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျောင်းများအလိုက် အသီးသီး လက်ခံရယူခဲ့ကြကြောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်နော်ရောတင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာ၊ဆရာမကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)