မိုင်းဆတ်မြို့၊ မြို့မဈေး၌ သန့်ရှင်းလတ်ဆတ်သောအသားရောင်းချခြင်းရှိ၊မရှိနှင့် Digital ချိန်ခွင် အသုံးပြုရောင်းချခြင်း ရှိ၊မရှိကွင်းဆင်းစစ်ဆေး

မိုင်းဆတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မြို့မဈေး၌ သန့်ရှင်းလတ်ဆတ်သော အသားရောင်းချခြင်း ရှိ၊ မရှိနှင့် Digital ချိန်ခွင် အသုံးပြုရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အဓိကစစ်ဆေးတာက ဝက်တွေမှာဖြစ်နေတဲ့ အာဖရိကဝက်အပြင်းဖျားရောဂါပိုး ကင်းစင်တဲ့ အသားတွေ ကို ဝယ်ယူစားသုံးသူတွေအနေနဲ့ စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ဖို့နဲ့ တခြားလတ်ဆတ်တဲ့ အသားတွေ ရောင်းချမှုရှိ၊ မရှိစစ်ဆေးတာပါ၊ ရောဂါပိုးကင်းပြီး လတ်ဆတ်တဲ့အသားတွေရောင်းချမှု မရှိတဲ့ အသားဆိုင်တွေကို သားသတ်လုပ်ငန်း စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူဆောင်ရွက်သွားမှာပါ” ဟု မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူက ပြောသည်။

ထိုသို့စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူ ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်တို့က မြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အသားဆိုင်များအား သန့်ရှင်းလတ်ဆတ်ပြီး ရောဂါပိုးကင်းရှင်းသော အသားရောင်းချရေး၊ အလေးအချိန် မှန်ကန်စွာရောင်းချရေး၊  Digital ချိန်ခွင် အသုံးပြုရောင်းချရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အသားဈေးနှုန်း အတိုင်း ရောင်းချရေး၊ အသားဆိုင်များအနေဖြင့် အသားဈေးနှုန်းများကို သတ်မှတ်အလေး အချိန်အလိုက် ဈေးနှုန်းများကို ဗွီနိုင်းဖြင့် မြင်သာသောနေရာတွင် ချိတ်ဆွဲကပ်ထားရေး စသည့် အချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)