ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပုဏ္ဏားကျွန်း မေ ၃၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ လာရောက်၍ ယမန်နေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက် ဘက်စုံသုံးခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီးဝေတိုးသူနှင့် သူနာပြုများပါဝင်သည့် ဆေးအဖွဲ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်အတွင်းရှိ နာမကျန်းဖြစ်နေသူ ကျား(၁၉)ဦး၊ မ(၃၉)ဦးတို့ကို လိုအပ်သည့် ဆေးဝါး များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် နေရာသို့ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ လာရောက် လှည့်လည်ကြည့်ရှုပြီး၊ အားပေးစကားများ ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)