နမ့်ခမ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နမ့်ခမ်း မေ ၃၁

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ကလေးငယ်များ ကျောင်းသို့အချိန်မီရောက်ရှိစေရန်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ယနေ့နံနက် (၉)နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအတွင် မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်က အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီးနောက် အဓိကကျသည့် ကျောင်းသားလူငယ်များ၏ ပညာရေးကို ဆရာ၊ ကျောင်းသားမိဘတို့မှ အချင်းချင်းကူညီထောက်ပံ့မှုမျှတနေဖို့က အလွန်အရေးကြီးသည့် အချက် တစ်ခုဖြစ်ကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာရေးကျောင်းနှင့် ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဌာန်းသင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ စာရေး ကိရိယာများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများကို သက်ဆိုင်ရာကျောင်းအုပ် များ လက်သို့ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)