ကျောက်မဲ မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများပြားကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ယခင်ကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်ပါတ်လျှင်တစ်ရက်တည်းသာ ထိုးနှံပေးသော်လည်း လတ်တလောကာလတွင် ကျောက်မဲမြို့နယ်နှင့် နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူပြန်လည်တွေ့ရှိနေရသောကြောင့် ကျောက်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အရှိန်အဟုန်မြှင့်သည့်အနေဖြင့် တစ်ပါတ်လျှင်(၃)ရက်နှုန်း (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း) ရက်တိုးပြီးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမဦးရေ(၁၄၀)ဦး ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆေးလာရောက်ထိုးနှသူများအား ကာကွယ်ဆေးမထိုးမီစာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)