ဥတ္တရသီရိ မေ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း တောင်ညိုမှ ကျောင်းသား၊ ကျောင်းသူလေးများက ပန်းတိုင်းပွင့်ပါစေသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ခရိုင် ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးမင်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်နှင့် မြို့နယ်ပညာရေးမှူး ဦးသန်းဆွေတို့က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များ၊ ကျောင်းဝတ်စုံများနှင့် နေပြည်တော်ကောင်စီမှ ပေးအပ်လှူဒါန်းသော ယဉ်ကျေးလိမ္မာပြဋ္ဌာန်းစာအုပ်များကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း ငန်းစပ်မှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)