မိုးမောက်မြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မိုးမောက် မေ ၃၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အ.ထ.က(မိုးမောက်)ကျောင်း ပညာတံခွန်ခန်းမ၌  ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မိုးမောက်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား/သူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပညာရေးမှူး ဦးထွန်းအေးကျော်က ကျောင်းအပ်နှံရေးနေ့ဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင် ပညာရေးမှူးက နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဖြူ/စိမ်း ဝတ်စုံများကို မြို့နယ်ပညာရေးမှူး ဒေါ်ရွယ်နှောင်းထံ လွဲ​ပြောင်းပေးအပ်ခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ကဗလာစာအုပ်များ၊ လက်ရေးလှ စာအုပ်များ၊ ခဲတံ၊ ခဲဖျက်၊ ပေတံများ ပေးအပ်ရာ ကျောင်းသား/သူများက အသီးသီး လက်ခံရယူကြပြီး အခမ်းအနားတွင် ကျောင်းသား/သူများက သူ့ကျောင်းသူ့ဝန်းကျင် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသား မိဘများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များစုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်