ကျိုင်းတုံ အောက်တိုဘာ ၇
လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် မဲပေးနိုင်ရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်ရန် ရည်ရွယ်ပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အောက်တိုဘာ ၁ ရက်နေ့မှ စ၍ ၂၈ ရက်ထိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ကျိုင်းတုံမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မဲရုံ (၁၂၀)အတွက် တာဝန်ထမ်းဆောင်မည့် ရပ်ကွက်/ကျေးရွာ ကိုယ်စားပြုအထူးရဲ ၁၂၀ ဦး တို့ တက်ရောက်လျက်ရှိပြီး မဲရုံလုံခြုံရေးကိစ္စရပ်များ၊ ဉပဒေလုပ်ထုံးလုပ်နည်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ဉပဒေ၊ နည်းဉပဒေ၊ စသည့် ဘာသာရပ်များ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမောင်ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)