ရန်ကုန် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းများကို ယမန်နေ့၊ နေ့လယ် ၁ နာရီက အ.မ.က(၄)ကျောင်း၊ အ.မ.က(၅)ကျောင်းနှင့် အ.မ.က(၆)ကျောင်းတို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများဖြင့် ကျောင်းဝင်းနှင့်စာသင်ခန်းများအတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား abate ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကျောင်းသန့်ရှင်းရေးကို ကျောင်းဖွင့်ချိန်မတိုင်မီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စန္ဒာမိုး