နရသူမင်းကြီးတည်ထားခဲ့သည့် ပုဂံဒေသတဝိုက်တွင် ထုထည်အကြီးများဆုံးသော ဓမ္မရံကြီးဘုရားနှင့် ဗိသုကာလက်ရာများကို လေ့လာနိုင်

ညောင်ဦး  မေ  ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း နရသူမင်းကြီး တည်ထားခဲ့သည့် ပုဂံဒေသတဝိုက်တွင် ထုထည်အကြီးမား ဆုံးသော ဓမ္မရံကြီးဘုရားနှင့် ဗိသုကာလက်ရာများ လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရံကြီးဘုရားသည် ပုဂံဒေသတဝိုက်တွင် ထုထည်ကြီးမားဆုံးသော ဂူစေတီဖြစ်ပြီး (၁၂)ရာစုအလယ်ခန့်တွင် နရသူမင်းကြီးတည်ထားခဲ့ ကြောင်း၊ စေတီတော်၏ ပေါင်းကူးများနှင့် အခြားအခြေခံ ဗိသုကာလက်ရာများမှာ ယခုထက်တိုင် ခိုင်ခန့်ကောင်းမွန်ပြီး လက်ရာပြောင်မြောက်လျက်ရှိကြောင်း လေ့လာတွေ့ ရှိရနိုင်သည်။ အပ်ထိုး၍ မရနိုင်အောင် အကောင်းဆုံးသော အုတ်စီပုံလက်ရာများကို ဘုရား အတွင်းနံရံများနှင့် မဟာရံတံတိုင်းတို့တွင် တွေ့မြင်နိုင်ကြောင်း၊ အခြေခံပန္နက်ပုံစံမှာ အာနန္ဒာလိုဏ်ဂူဘုရားကြီးနှင့် ဆင်တူသည်။ သို့သော် အပြင်လိုဏ်ပတ်လမ်းများတွင်သာ ဝင်ရောက်နိုင်ပြီး အတွင်းလိုဏ်ပတ်လမ်းအဝင်များမှာ မူလကပင်ပိတ်ဆို့ထားသည်ကို ယင်းတွင် အသုံးပြုထားသော အုတ်၊အင်္ဂတေအထောက်အထားများအရ သိရှိနိုင်သည်။ အဆောက်အဦအား ပိုမိုခိုင်မာတောင့်တင်းစေရန် ထောင့်ချုပ်များနှင့် ပေါင်းကူးတို့တွင် သဲကျောက်များကို အသုံးပြုထားသည်ကို လေ့လာတွေ့ရှိနိုင်သည်။ လက်ရာသေသပ် ကောင်းမွန်သော အုတ်စီလက်ရာများကို ဘုရားအတွင်းပိုင်းနှင့် မဟာရံတံတိုင်းတို့တွင် တွေ့ရှိလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။

ဓမ္မရံကြီးဘုရား၏ အရှေ့ဘက်တွင် စူဠာမဏိဘုရား၊ အနောက်တောင်ဘက်တွင် ပြဿဒ်ကြီးဘုရား၊ မြောက်ဘက်တွင် အာနန္ဒာဘုရား၊ အနောက်မြောက်ဘက်တွင် သဗ္ဗညု ဘုရား၊ နတ်လှောင်းကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများ၊ ဘုရား၊ နန်းဦးဘုရား၊ သံတော်ကြားဘုရား၊ ပိဋကတ်တိုက်၊ တဘက်ကျဘုရား၊ ဆင်များရှင်ဘုရားများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊စေတီ၊ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှုပုံစံ အမျိုးမျိုးတို့ဖြင့် ဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း