မိုင်းယန်း မေ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နက် ၉ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ကျောင်းသား/ ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီးချင်းသီဆိုဖွင့်လှစ်ပြီး မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်အမှာစကားပြောကြားပြီး မိုင်းယန်းခရိုင်၊ ပညာရေးမှူးဆရာကြီး ဦးသိန်းဝင်မှ ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတို့မှ ဒေသခက်ခဲကျောင်းများအတွက် အခမဲ့ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး