မိုးနဲ မေ ၃၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ ဆိုက်ဖယ်ကျေးရွာနေ တောင်သူ ဦးမောင်မြင့်၏ ယာမြေနေရာ၌ ရေဆင်း(၁)စပ်မျိုး မိုးနေကြာ တောင်သူပညာပေး စံပြကွက်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းကာ ကွင်းဆင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မိုးနေကြာ အထွက်နှုန်း တိုးတက်စေရေးအတွက် ရေဆင်း(၁) စပ်မျိုးနေကြာစိုက်ပျိုးရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး၊ မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာဆောင်ရွက်စေရေး တောင်သူများအား ပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
စပ်မျိုးနေကြာ အထွက်နှုန်းတိုးတက်စေရေး စံပြကွက်များစိုက်ပျိုးခြင်းဖြင့် နေကြာစိုက် တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်လာခြင်း၊ ဝင်ငွေကောင်းလာစေခြင်း၊ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများကို တောင်သူများ ခံစားရစေရေး အတွက်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးထံမှ သိရသည်။
ဝိုးတောင်း