ဒဂုံ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒဂုံသီရိခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရန်ကုန်တိုင်းဒေသကြီးကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက "ကျောင်းအပ်နှံရေးနေ့"သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းက ကျောင်းလာရောက်အပ်နှံမှုများ၊ ကျောင်းသားကျောင်းသူများအတွက် ယခုနှစ်တွင် သင်ကြားပို့ချရန် ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်နိုင်ငံတော်အစိုးရကထောက်ပံ့သော ကျောင်းသုံးပစ္စည်းများကို ကျောင်းများသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရှေ့နေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်တို့မှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ်တို့မှ ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာဆရာမကြီးများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသားကျောင်းသူလေးများကလည်း တေးသရုပ်ဖော်အကများဖြင့် ပြန်လည်ကပြဖျော်ဖြေခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့များက ကျောင်းလာရောက်အပ်နှံနေမှုများအား သွားရောက်ကြည့်ရှု၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ဆောင်ရွက်ရမည်တို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်