ဂွ မေ ၃၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ ဂွမြို့၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂွမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်းသား” သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး မြို့နယ် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းသား၊ကျောင်းသူများ ကျောင်းသို့ရောက်ရှိနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေသည့်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ် ဖြစ်သည့် "ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေး မဝေး စေဖို့ ကျောင်းအမြန်အပ်နှံ ကြပါစို့" ဆိုသည့်အတိုင်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ ရောက်ရှိနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးမှူး ဦးတင်အောင်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို မြို့နယ်ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ မြို့နယ်ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးတင်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ် ကျောင်းအပ်နှံရေး ကော်မတီအဖွဲ့ဝင်များ၊ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်