သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်

သီပေါ မေ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်း လိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း  မီးလောင်ကျွမ်းထားသော ဘုန်းတော်ကြီးကျောင်းများအတွက် အလှူငွေကောက်ခံရရှိမှု အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ ရုံးဌာနများ မြေလွှဲမိန့်များ လျှောက်ထားခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား နိုင်ငံတော်မှထောက်ပံ့ ပေးနေမှုနှင့် ပတ်သက်၍လည်းကောင်း၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့တာဝန်ကျ ကျေးရွာများတွင် လိုအပ်လျက်ရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာများနှင့် လစဉ် (၁၅) ရက်နေ့တွင် တစ်ကြိမ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းနှင့်တစ်ကြိမ်၊ တစ်လလျှင်(၂)ကြိမ်၊ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)